top of page
Search

Untitled

  • Writer: BongVa Media
    BongVa Media
  • Nov 16, 2018
  • 1 min read

အမေရိကန်သည် အမျိုးသားလုံခြုံရေးနှင့် စစ်ဘက်ဆိုင်ရာ အကျပ်အတည်းကို ရင်ဆိုင်နေရပြီး ရုရှား သို့မဟုတ် တရုတ်နှင့်စစ်ပွဲတွင် ရှုံးနိမ့်နိုင်ကြောင်း အမေရိကန်ပါတီ နှစ်ရပ်စလုံး ပါဝင်သော ကွန်ဂရက်ဆိုင်ရာ ကော်မရှင် တစ်ခုက နိုဝင်ဘာ ၁၄ ရက်တွင် အစီရင်ခံစာတစ်ခု၌ သတိပေးခဲ့သည်။

မော်စကို၊ ပေကျင်းတို့နှင့် သြဇာကြီးမားမှု ယှဉ်ပြိုင်သည့်ခေတ်သစ်ကို မီးမောင်းထိုးပြသည့် သမ္မတဒေါ်နယ်ထရန့်၏ ကျယ်ပြန့်သော အမျိုးသားကာကွယ်ရေး မဟာဗျူဟာ (NDS) ကို သုံးသပ်ရန် ကွန်ဂရက်က အမျိုးသား ကာကွယ်ရေး မဟာဗျူဟာ ကော်မရှင်ကို တာဝန်ပေးခဲ့သည်။ အမေရိကန်စစ်ဘက်သည် အသုံးစရိတ် ဖြတ်တောက်မှုနှင့် စစ်ဘက်ဆိုင်ရာ အသာရမှုများ ကျဆင်းနေစဉ် တရုတ်နှင့် ရုရှားတို့ကဲ့သို့ အာဏာရှင်ဆန်သော နိုင်ငံများသည် အမေရိကန်၏ စွမ်းရည်ကို အားလျော့စေရန် ရည်ရွယ်၍ ချဲ့ထွင်မှုများအား စဉ်ဆက်မပြတ် လုပ်ဆောင်နေကြကြောင်း ဒီမိုကရက်နှင့် ရီပက်ဘလီကင် ထိပ်တန်းတာဝန်ရှိသူဟောင်း တစ်ဒါဇင်ခန့် ပါဝင်သည့် ထိုကော်မရှင်၏ ထိုအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။



ကမ္ဘာလုံးဆိုင်ရာ သြဇာလွှမ်းမိုးမှုနှင့် အမျိုးသား လုံခြုံရေးအတွက် အဓိကကျောရိုးဖြစ်သော အမေရိကန် စစ်ဘက်စွမ်းရည် ကြီးမားမှုသည် အန္တရာယ်ရှိသော အဆင့်တစ်ခုအထိ တစ်စတစ်စ ဆုတ်ယုတ်လာနေကြောင်း ထိုကော်မရှင်က ထုတ်ပြန်ခဲ့သည်။

ယခုရာစုနှစ်တွင် အမေရိကန်သည် အကြမ်းဖက်မှု တိုက်ဖျက်သည့် စစ်ဆင်ရေးများကို အာရုံစိုက်နေချိန်၌ ဒုံးခွင်းစနစ်၊ ဆိုက်ဘာနှင့် အာကာသစစ်ဆင်ရေးများ၊ ရေငုပ်သင်္ဘောဖျက်စသည့် တိုက်ခိုက်ရေးဆိုင်ရာ နယ်ပယ်များ၌ ကျဆင်းလာနေကြောင်း ထိုအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ထို့ပြင် နိုင်ငံရေးဆိုင်ရာ ချွတ်ယွင်းချက်များနှင့် အဓိကပါတီနှစ်ခု စလုံးက ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များ၊ အထူးသဖြင့် ၂၀၁၁ ခုနှစ်တွင် အကောင်အထည် ဖော်ခဲ့သည့် အသုံးစရိတ် ထိန်းချုပ်ရေး ဆောင်ရွက်မှုများအတွက် ထိုအစီရင်ခံစာတွင် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

ယင်းကဲ့သို့ အလားအလာများ ပေါင်းစပ်ဖြစ်ပေါ်မှုသည် အမေရိကန် အမျိုးသား လုံခြုံရေးအတွက် အကျပ်အတည်း တစ်ခုကို ဖန်တီးခဲ့ကြောင်း ထိုအစီရင်ခံစာက ဖော်ပြခဲ့သည်။ NDS သည် ပင်တဂွန်အား မှန်ကန်သော လမ်းကြောင်း၌ ချမှတ်ထားသော်လည်း မေးခွန်းထုတ်စရာကောင်းသော ယူဆချက်များနှင့် အားနည်းသော သုံးသပ်မှုများကို အမြဲတမ်း ပြုလုပ်လေ့ရှိကြောင်း ထိုအစီရင်ခံစာက ထောက်ပြခဲ့သည်။

ယင်းအတွက်ကြောင့် ပို၍အန္တရာယ် ကြီးမားလာသော ကမ္ဘာတွင် စိန်ခေါ်မှုများကို အမေရိကန်က မည်သို့ရင်ဆိုင် ဖြေရှင်းမည်နှင့် ပတ်သက်၍ မဖြေနိုင်သေးသော အလွန်အမင်း အရေးပါသည့် မေးခွန်းများ ကျန်နေသေးကြောင်း အစီရင်ခံစာက တွေ့ရှိခဲ့သည်။


အာရှနှင့် ဥရောပတစ်ဝန်းတွင် အမေရိကန်၏ သြဇာလွှမ်းမိုးမှုသည် တဖြည်းဖြည်း ဆုတ်ယုတ်လာနေပြီး စစ်ရေးချိန်ခွင်လျှာသည်လည်း ပဋိပက္ခဖြစ်ပွားနိုင်သည့် အန္တရာယ်ကို မြင့်တက်စေခဲ့သည့် သိသာသော အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ကြောင်းလည်း ထိုကော်မရှင်က သတိပေးခဲ့သည်။ လာမည့်ပဋိပက္ခတွင် အမေရိကန်စစ်ဘက်သည် အလွန်အမင်း လက်သင့်ခံစရာ မကောင်းသော သေဆုံးထိခိုက်မှုကို ကြုံရနိုင်ပြီး အရေးပါသော ရင်းမြစ်များစွာ ဆုံးရှုံးနိုင်ကြောင်း ထိုကော်မရှင်က လေ့လာတွေ့ရှိခဲ့သည်။ တရုတ် သို့မဟုတ် ရုရှားနှင့်စစ်ပွဲတွင် အမေရိကန်သည် အနိုင်ရရန် ရုန်းကန်ရဖွယ်ရှိပြီး သို့မဟုတ် ရှုံးနိမ့်နိုင်ခြေရှိကြောင်း ထိုကော်မရှင်က ထုတ်ပြန်ခဲ့သည်။ ပင်တဂွန်သည် ယခုနှစ်အတွက် အသုံးစရိတ်ကို ဒေါ်လာဘီလျံ ၇၀၀ ကျော် သတ်မှတ်ခဲ့ပြီး ရုရှားနှင့်တရုတ် နှစ်နိုင်ငံပေါင်းထက် အလွန်များပြားနေသော်လည်း NDS က ချမှတ်သည့် ရည်မှန်းချက်များကို ပြည့်မီရန်အတွက်မူ မလုံလောက်သေးကြောင်း ထင်ရှားနေသည်ဟု ထိုကော်မရှင်က ထုတ်ပြန်ခဲ့သည်။

Ref : AFP / News Eleven

 
 
 

Comentarios


bottom of page